
ယခုနှစ်ကုန်ပိုင်း နိုဝင်ဘာ ၃၀ ရက်တွင် အာဂျင်တီးနားနိုင်ငံ၌ ကျင်းပမည့် G20 ထိပ်သီးသို့ တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တက်ရောက်မည်ဖြစ်ရာ ယင်းမတိုင်မီ၌ ကုန်သွယ်ရေးစစ်ပွဲကြီးကို ဖြေရှင်းနိုင်ရန် နှစ်နိုင်ငံလုံးက မျှော်လင့်လျက်ရှိကြောင်း ဝေါစထရိဂျာနယ်သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ယင်းသို့ ကုန်သွယ်ရေးစစ်ပွဲရပ်ဆိုင်းရန်အတွက် လာမည့်ရက်သတ္တပတ်တွင် အမေရိကန်နှင့် တရုတ်တို့ အလယ်တန်းခေါင်းဆောင်အဆင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါဆွေးနွေးမှုမှတဆင့် ဆက်လက်ဆွေးနွေးနိုင်မည့် နည်းလမ်းများကို အဖြေရှာသွားမည်ဟု ဆိုသည်။
နှစ်နိုင်ငံကြားကုန်သွယ်ရေးစစ်ပွဲကို ယခုနှစ်ကုန်တွင် အဆုံးသတ်နိုင်မည့် အဖြေတစ်ခုခု ရှာဖွေနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြသည်။
ဒေါ်နယ်ထရမ့်နှင့် ရှီကျင့်ဖျင်တို့သည် ၂၀၁၇ နှစ်ကုန်ပိုင်းမှစပြီး မတွေ့ဆုံဖြစ်ခဲ့ကြချေ။

တရုတ်ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး ဝမ်ရှောင်ဝန်သည် လာမည့်ရက်သတ္တပတ်တွင် ဝါရှင်တန်သို့ သွားရောက်ကာ နှစ်နိုင်ငံ ဆွေးနွေးမှုများ စတင်ပြုလုပ်မည်ဖြစ်ကြောင်း တရုတ်အစိုးရက တရားဝင်ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။
တရုတ်-အမေရိကန်စစ်ပွဲကြောင့် တစ်ကမ္ဘာလုံးတွင် အမေရိကန်ဒေါ်လာဈေးခိုင်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ကမ္ဘာ့နိုင်ငံများစွာ အထိနာမှုများ ဖြစ်ပေါ်လျက်ရှိနေသည်။

လာမည့် သြဂုတ်လ ၂၂ ရက်နှင့် ၂၃ ရက်များတွင် ဝမ်ရှောင်ဝန်နှင့် အမေရိကန် ဒုတိယဘဏ္ဍာရေးဝန်ကြီး ဒေးဗစ် မယ်လ်ပါ့စ်တို့အကြား ဆွေးနွေးမှုများမှတစ်ဆင့် ပိုမိုအဆင့်မြင့်သည့် ခေါင်းဆောင်များ ဆွေးနွေးမည့်နည်းလမ်းများကို အဖြေရှာသွားမည်ဖြစ်ပြီး နိုဝင်ဘာလတွင် ဒေါ်နယ်ထရမ့်နှင့် ရှီကျင့်ဖျင်တို့ ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုတင်ဆွေးနွေးမှုများလည်း ပြုလုပ်ဖွယ်ရာရှိသည်။

ဝါရှင်တန်ရှိ ဘရွတ်ကင်းသိပ္ပံမှ တရုတ်ကျွမ်းကျင်ပညာရှင် ချန်းလီက ပြောကြားရာတွင် ရှီကျင့်ဖျင်သည် အမေရိကန်နှင့် ဆက်ဆံရေး ဆိုးရွားစွာ ကျဆင်းလာနေမှုများအတွက် ပြည်တွင်းတွင် ပြင်းထန်သည့်ဖိအားများ ရင်ဆိုင်ရလျက်ရှိခြင်းကြောင့် တွေ့ဆုံအဖြေရှာညှိနှိုင်းရေး စားပွဲသို့ ပြန်လည်သွားရောက်လိုသည့်စိတ်မှာ ဒေါ်နယ်ထရမ့်ထက် ပိုမိုများပြားကြောင်း သုံးသပ်သည်။
အိမ်ဖြူတော်တွင် ကျင်းပခဲ့သော အစိုးရအဖွဲ့အစည်းအဝေးတွင် ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ရာ၌
“သူတို့ဟာ ကျွန်တော်တို့ကို လက်ခံနိုင်ဖွယ်ရာ သဘောတူညီချက်တစ်ခုခု မပေးသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံအတွက် တရားမျှတမယ့်အရာ တစ်ခုခု မရသေးသမျှ ဘယ်လိုအပေးအယူမျိုးမှ လုပ်လိမ့်မှာ မဟုတ်ပါဘူး” ဟု ပြောကြားခဲ့သည်။

အမေရိကန်သည် တရုတ်နိုင်ငံထံမှ တစ်နှစ်လျှင် ကန်ဒေါ်လာ ၅၀၀ ဘီလီယံဖိုးကျော် သွင်းကုန်များ တင်သွင်းလျက်ရှိသော်လည်း တရုတ်နိုင်ငံဘက်မှ အမေရိကန်သွင်းကုန်များ တင်သွင်းမှုမှာ နှစ်စဉ်ကန်ဒေါ်လာ ၁၃၀ ဘီလီယံဖိုးသာရှိသောကြောင့် ကုန်သွယ်ရေးပိုငွေများစွာ ပြလာပြီး နိုင်ငံခြားအရန်ငွေ တောင့်တင်းလာသည်။
တရုတ်အစိုးရတွင် နိုင်ငံခြားအရန်ငွေ အင်အားတောင့်လာသော်လည်း တစ်ဦးချင်းဝင်ငွေတွင် အမေရိကန်ကို မယှဉ်နိုင်သေးခြင်းကြောင့် ကုန်သွယ်ရေးစစ်ပွဲတွင် တရုတ်ပြည်သူများ အထိနာကြရသည်။
(ရှီကျင့်ဖျင်၏ ခါးပတ်တစ်ခု လမ်းမတစ်ခု စီမံကိန်း)

ယင်းနောက်ပိုင်းတွင် တရုတ်က ခါးပတ်တစ်ခု၊ လမ်းမတစ်ခု စီမံကိန်း၊ သီရိလင်္ကာရှိ ဆိပ်ကမ်းမြို့ တော် အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ပင်လယ်ဆိပ်ကမ်းများစွာကို ချုပ်ကိုင်လာလျက်ရှိခြင်းကြောင့် အမေရိကန်အတွက် ခွင့်မလွှတ်နိုင်ဖွယ်ဖြစ်လာသည်။
(သီရိလင်္ကာတွင် တရုတ်က ကန်ဒေါ်လာ ၁ ဘီလီယံအကုန်အကျခံတည်ဆောက်လျက်ရှိသော ဟန်ဘန်တိုတာ ဆိပ်ကမ်းကြီး)

ယခု ဒေါ်နယ်ထရမ့်၏ ထိုးနှက်ချက်မှာ တရုတ်၏ ဆောင်းတွင်းအိပ်မက်ကို လှုပ်နိုးလိုက်ခြင်းလည်း ဖြစ်လေသည်။
Comments
Post a Comment