ဒေါ်နယ်လ်ထရမ့်ပြောပြတဲ့ Passion အကြောင်း


လူတွေက ကျွန်တော့်ကို မေးကြတယ်။ "ဒေါ်နယ်လ် မင်း ဆောက်လုပ်ရေးလုပ်ငန်းကို မင်းအဖေ ဖရက်ဒ်ဆီကနေ တတ်လာတာလား"တဲ့။ ကျွန်တော်က "ဟုတ်ပါတယ်။ ကျွန်တော့်အဖေဆီက တတ်လာတာပါ" လို့ ကျွန်တော် ကြည့်ကောင်းအောင် ပြန်ဖြေလိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အဖေ့ဆီက တကယ်တတ်လာခဲ့တာက ဆောက်လုပ်ရေးထက် တခြားဟာပါ။ အဲဒါ ဘာဆိုတာကို မပြောခင် ဒါကို အရင်ပြောပြချင်ပါတယ်။
အဖေဟာ စနေရော တနင်္ဂနွေပါ တစ်ပတ်မှာ ၇ ရက်စလုံး အလုပ်လုပ်တယ်။ သူ အလုပ်ကို ချစ်တယ်။ အလုပ်လုပ်ရတာကို ပျော်တယ်။ သူ လုပ်ငန်းခွင်ထဲကို ရောက်ပြီဆိုရင် သူဆောက်ထားတဲ့ အိမ်တွေဟာ အမှိုက်တွေရှင်းပြီး သန့်ရှင်းရဲ့လားဆိုတာ အထပ်တိုင်းကို တခန်းဝင် တခန်းထွက် လိုက်ကြည့်တယ်။ သူဟာ ဆောက်ပြီးတဲ့ အိမ်တိုင်းကို အသစ်ကျပ်ချွတ်လို ဖြစ်နေရမှ ကျေနပ်တယ်။ အဲဒီလို အိမ်အသစ်တွေကို မြင်လေ သူကျေနပ်လေ ပျော်လေပါပဲ။ ဒါကြောင့် ဆောက်လုပ်ရေးအလုပ်သမားတွေနားတဲ့ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ သူတယောက်တည်း တစ်နေကုန် ဆောက်လက်စအိမ်တွေကို လိုက်ကြည့်နေတတ်တယ်။
ကန်ထရိုက်တာတစ်ယောက်က လူနေတိုက်ခန်းတွေ ပါတဲ့ အထပ်မြင့်တိုက်တစ်လုံးဆောက်ပြီးဆိုရင် အဲဒီတိုက်ရဲ့ မျက်နှာချင်းဆိုင်မှာ အဖေဟာ တိုက်တစ်လုံးကို မြန်မြန်ဆောက်လိုက်တယ်။ အဖေ့တိုက်က အရင်ပြီးလို့ အခန်းတွေအားလုံးနီးပါး ရောင်းရတယ်။ နောက်မှ ဟိုကန်ထရိုက်ရဲ့ တိုက်က ပြီးတော့ သူ့အခန်းတွေကို ဝယ်မယ့်သူ မရှိတော့ဘူး။ ဒီတော့ ကန်ထရိုက်တာက တိုက်ဆောက်လုပ်စရိတ် ကုန်ကျငွေပြန်ပေါ်ဖို့ အခန်းတွေကို မတန်တဆ ဈေးလျှော့ရောင်းရတယ်။ အဖေက အဲဒီအခန်းတွေကို ဝယ်ထားလိုက်တယ်။ ဈေးတက်လာတော့ ပြန်ရောင်းလိုက်တယ်။ အဖေ ချမ်းသာလာခဲ့တာ အဲဒါကြောင့်လည်း ပါပါတယ်။
ကျွန်တော် အဖေ့ဆီက တကယ်တတ်လာခဲ့တာက ဆောက်လုပ်ရေးထက် တခြားဟာပါဆိုတဲ့ စကားကို ပြန်ဆက်ကြရအောင်ပါ။ ကျွန်တော် အဖေ့ဆီက တတ်ခဲ့တာ passion ဆိုတဲ့ အလုပ်လုပ်ရတာကို စိတ်အားထက်သန်နေတာ ပျော်နေတာ အလုပ်အပေါ် စွဲလမ်းတပ်မက်နေတာတွေကို တတ်ခဲ့တာပါ။ အဖေ့ရဲ့ passion ဟာ ကျွန်တော့်ဆီ ကူးစက်လာခဲ့ပါတယ်။ ကျွန်တော် အမွေရလိုက်တယ်လို့ ပြောရမှာပါ။
ကျွန်တော် အလုပ်လုပ်ရတာ ပျော်လွန်းလို့ တညကို ၃ နာရီနဲ့ ၄ နာရီကြားပဲ အိပ်တယ်။ မနက်ဆိုရင် အလုပ်ထဲသွားဖို့ ဖင်တကြွကြွ ဖြစ်နေပြီ။ အလုပ်က ပြန်လာလည်း နောက်ရက်မှာ ဘာလုပ်ရမယ်ဆိုတဲ့ အစီအစဉ်တွေကို ခေါင်းထဲမှာ ဆွဲနေတယ်။ အလုပ်ကို ကျွန်တော့်ရည်းစားထက် ပိုချစ်တယ်။
သင်လည်း တကယ်ပဲ သင့်အလုပ်ကို ချစ်တယ်၊ စိတ်ဝင်စားတယ်။ အလုပ်ထဲမှာ ပျော်နေတယ်ဆိုရင် တနေ့ကို ၃ - ၄ နာရီထက်ပို မအိပ်နိုင်ပါဘူး။ အလုပ်က အိမ်ပြန်လာလည်း သင် ချစ်တဲ့ အလုပ်အကြောင်းပဲ စိတ်ရောက်နေလို့ အဲဒါထက် ပိုအိပ်မရတာပါ။
Passion မဖြစ်တဲ့ အလုပ်မှာ အောင်မြင်မှု မရနိုင်ပါဘူး။ သင့်အလုပ်ပေါ်မှာ Passion ဖြစ်ရဲ့လားလို့ စဉ်းစားပါ။
အင်တာနက်က ရှာတွေ့တဲ့ ဒေါ်နယ်လ်ထရမ့်ကို မေးတဲ့ အင်တာဗျူးတစ်ခုက ယူထားတာပါ။
ဗန်းမော်သိန်းဖေ
၀၅-၀၆-၂၀၁၈
Image may contain: 1 person, suit

Comments