Camera ကိုဝယ်ဖို့ အကြံပေးချင်တယ်

 Image may contain: camera
Online ပေါ်မှာ Camera ပြန်ရောင်းရင် သိထားရမယ့်အချက်များ
ဒီတစ်ပတ်ကတော့ ကျွန်တော်တို့တွေ Camera တွေကို ၀ယ်လိုက် အသစ်ပေါ်လာ ကိုယ့် Camera ပြန်ရောင်းလိုက် ဒီလိုပဲ လည်ပတ်နေကြတဲ့သူတွေအတွက် အချို့ Tips & Tricks လေးတွေပါ။ ကျွန်တော်တို့ကိုယ်တိုင်လည်း တစ်ခါတစ်လေမှာ Second Hand တွေကို လိုက်ရှာပြီး ၀ယ်ဖြစ်တဲ့အချိန်တွေ ရှိပါတယ်။ ဒီအခါတင်ထားတဲ့ Post အနေအထားကိုကြည့်ပြီး စိတ်ထဲဖြစ်တတ်တာတွေ ဘယ်လိုတင်ရင် ဘယ်လိုမျိုးလုပ်ထားရင် လူတွေ ၀ယ်တတ်ကြ စိတ်ဝင်စားတတ်ကြဆိုတာကို ရေးပေးပါမယ်။ အခုရေးထားတဲ့ Tips & Tricks လေးတွေကနေပြီး ကိုယ့် Camera ကို ထိုက်သင့်တဲ့ Budget ရအောင် လုပ်နည်းတွေ ရမှာပါ။
ပထမဆုံးကတော့ Market ကို သေချာအရင်သိအောင်လုပ်ပါ။ ဆိုင်တွေမှာ ကိုယ့် Camera ကိုယ့် Equipment က ဘယ်ဈေးရှိလဲ။ အလွယ်ပြောရရင် အသစ်ဈေးကို အရင်စုံစမ်းရပါမယ်။ တစ်ခါတစ်လေ မြင်ဖူးတာက နှစ်နှစ်လောက်ကိုင်ထားတဲ့ Second ဈေးဟာ အသစ်နီးပါးနဲ့ ပြန်ရောင်းတာတွေ မြင်ဖူးပါတယ်။ ဒါဟာ ဘယ်လိုမှ ရောင်းမထွက်နိုင်သလို ကိုယ့်ကိုပါ တစ်မျိုးမြင်လာနိုင်ပါတယ်။ ဒီအသစ်ဈေးတွေ ရပြီဆိုမှ ကိုယ့်ဘက်က ဘယ်လောက်နဲ့ရောင်းရင် လူစိတ်ဝင်အစားဆုံးဖြစ်မယ်ဆိုတာ သတ်မှတ်ရပါမယ်။ Package တွေ ဘယ်လိုသတ်မှတ်လိုက်ရင် ဘယ်လောက်ဖြစ်ပြီး လူတွေဝယ်ဖို့ စိတ်ဝင်စားမယ်ဆိုတာ လုပ်ရပါမယ်။ လူတွေက ရော့ Camera Body ဘယ်လောက်ဆိုတာ ထပ်အပိုထပ်ဆောင်းလေးတွေ သပ်သပ်ရပ်ရပ်ပါရင် ပိုကြိုက်ကြပါတယ်။ ဒီမှာတစ်ခုရှိတာက ကိုယ်ဘယ်လောက်မြန်မြန် ရောင်းထွက်ချင်တယ်ဆိုတာလဲ အရေးကြီးပါတယ်။ ဒီအပေါ်မူတည်ပြီး ဈေးအနည်းအများ ကွာနိုင်ပါတယ်။
နောက်တစ်ချက်ကတော့ သတင်းတွေ များများဖတ်ဖို့ပါ။ စစကြားချင်းတော့ ဘာကြီးလဲမသိ ဖြစ်နေနိုင်ပါတယ်။ ကျွန်တော်ပြောချင်တာက ဥပမာ ကိုယ်ရောင်းမှာ Canon 80D ဆိုပါစို့။ ကိုယ်က အခု May လမှာ ရောင်းဖို့ကြိုးစားနေတဲ့အချိန်မှာ June လမှာ 90D ထွက်မယ်ဆိုရင် သေချာတာက 80D ဈေးက ထိုးကျမှာပါ။ ကိုယ့် Brand ရဲ့ နောက် Upgrade Model ဘယ်အချိန်ထွက်မလဲဆိုတာ အမြဲ Online Research လုပ်နေသင့်ပါတယ်။ ကိုယ်ကိုင်တဲ့ model ရဲ့ Upgrade ပေါ်တဲ့အချိန်ဖြစ်စေ ပေါ်ခါနီးဖြစ်စေ ရောင်းမိရင် ဈေးကျတော့မှ စိတ်ထဲတွေးထားသင့်ပါတယ်။
နောက်တစ်ခုက ဘယ်မှာရောင်းမလဲဆိုတာပါ။ ဒါကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်တော့ ပြောစရာများများစားစား မရှိပါဘူး။ Facebook ပါပဲ။ Facebook ပေါ်မှာ Camera အရောင်းအ၀ယ် Group တွေ အများကြီး ရှိပါတယ်။ နောက် Photography Group တွေ Video Group တွေ ရှိပါတယ်။ တစ်ခုက အရောင်းအ၀ယ် Group ကလွဲပြီး ကျန်တဲ့ Group တွေ သွားမယ်ဆိုရင် အရောင်းအ၀ယ် Post လက်ခံ မခံ Group Rules တွေ အရင်ဖတ်ပါ။ အရောင်းအ၀ယ် Group တွေ တင်တဲ့အချိန်မှာ တစ်ခုတည်းကို ယုံကြည်ပြီး မတင်ပါနဲ့။ Group တွေကို သေချာလိုက်ကြည့်ပြီး member များများနဲ့ Active ဖြစ်တဲ့ Group 3 ခု၊ 4 ခုမှာ တင်ထားသင့်ပါတယ်။
ဆက်ရေးမယ့်အကြောင်းကတော့ အရောင်း Post တင်တဲ့အချိန်မှာ ဘယ်လိုလုပ်သင့်တယ်ဆိုတာပါ။ ပထမဆုံးကတော့ ဓာတ်ပုံကောင်းကောင်းလေး ရိုက်ဖို့ပါ။ တစ်ချို့တွေက ရယ်ပါလိမ့်မယ်။ ဒါပေမဲ့ သိထားရမှာက ရောင်းမှာက ဒီ Camera ပါပဲ။ Visual ပြောင်းသွားတာနဲ့ လူစိတ်ဝင်စားမှုလဲ ကွာသွားပါတယ်။ ကိုယ့် Camera အရောင်းကို Product တစ်ခုကို ထုတ်ရောင်းဖို့ ကြိုးစားနေတယ်လို့ပဲ တွေးပြီးလုပ်လို့ရပါတယ်။ Lighting ကောင်းကောင်းနဲ့ ရိုက်ပြထားပြီး ကိုယ့် Camera ဟာ ဘယ်လောက်ကောင်းကောင်းမွန်မွန်ရှိနေသေးတယ်ဆိုတာမျိုး ဆွဲဆောင်လို့ ရပါတယ်။ ဒါ တစ်ကယ်ပါ။
နောက်တစ်ခုကတော့ ကိုယ့် Camera နဲ့ပတ်သတ်တဲ့ အကြောင်းအရာအကုန် ပြည့်ပြည့်စုံစုံ ရေးပေးဖို့ပါ။ ကိုယ်ရောင်းမယ့် အရာတွေအကုန်လုံးရဲ့ အကြောင်းအရာ အပြည့်အစုံ ရေးပေးထားပါ။ ဒါမှပဲ ၀ယ်မယ့်သူက သူဝယ်ချင်တဲ့အရာကို သေသေချာချာ အချက်အလက်အပြည့်အစုံနဲ့ ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ Error ရှိရင် ရှိကြောင်း အကုန်ထည့်ရေးပါ။ နောက်ပြီး ကိုယ်ကတော့ သိပေမယ့် လူတွေလဲ သိတယ်ထင်ရတဲ့ Full Frame, Crop Frame, Lens Mount တွေ အကုန်ရေးပေးထားခြင်းဖြင့် ၀ယ်မယ့်သူကို ကူညီနိုင်ပါတယ်။
နောက်ဆုံးတစ်ခုကတော့ နည်းနည်းလေး အရောင်းသမား ဆန်လိုက်ပါမယ်။ ကိုယ့် Product အကြောင်း Storytelling လုပ်ကြည့်ပါ။ Camera ရဲ့အားသာချက် ကိုယ်သုံးတုန်းက သူက ဘယ်လောက်အကျိုးရှိခဲ့တယ်ဆိုတာတွေအပြင် ကိုယ် ဒီ Camera နဲ့ ရိုက်ခဲ့တာတွေကိုပါ Link လုပ်ပြီး ဒီလောက် Quality ထိ လုပ်နိုင်ခဲ့တာတွေ စသဖြင့် ရေးနိုင်ပါတယ်။ ဒီ Camera ကိုဝယ်ဖို့ ဘာလို့ အကြံပေးချင်ကြောင်းတွေပါထည့်ရေးပြီး လူအများစိတ်ဝင်စားအောင် လုပ်လို့ရပါတယ်။
Credit : ဆောင်းပါးရှင် - ဖြိုးဇံ (NetGuide Journal)

Comments