ဇူကာဘတ်ပေးခဲ့တဲ့ သင်ခန်းစာ

အမေရိကန်ကွန်ဂရက်လွှတ်တော်က တိုင်းပြုပြည်ပြု အမတ်တွေရဲ့ ရှေ့မှောက်မှာ ဖေ့စ်ဘုတ် ဦးဆောင်သူ မာ့ခ်ဇူကာဘတ်ရဲ့ စစ်ဆေးကြားနာမှုကတော့ ပြီးသွားပါပြီ။ အများမျှော်လင့်ထားသိလို ဖေ့စ်ဘုတ်ကြီး အကျပ်ရိုက်သွားတာမျိုးမဟုတ်ပဲ မထင်မှတ်ထားတဲ့အပြောင်းအလဲတချို့ဖြစ်သွားပါတယ်။

ကြားနာမှုမတိုင်ခင် ဖြစ်ပျက်ခဲ့တဲ့ ပြဿနာတွေနဲ့ ဂယက်ရိုက်ခတ်မှုအခြေအနေတွေအရဆိုရင် လက်ရှိထွက်ပေါ်လာတဲ့ရလဒ်ဟာ ပြောင်းပြန်အချိုးကျနေတာကို မြင်တွေ့လိုက်ကြရပါတယ်။

လွှတ်တော်အမတ်တွေရဲ့ လုပ်ငန်းသဘောသဘာဝအပေါ် နားမလည်မှုနဲ့ နည်းပညာဗဟုသုတနည်းပါးမှုတွေ ဘွင်းဘွင်းကြီးပေါ်လာခဲ့ရသလို ဇူကာဘတ်ရဲ့ တည်ငြိမ်ရင့်ကျက်ပြီး လူကြီးလူကောင်းဆန်တဲ့ တုန့်ပြန်ဖြေကြားပုံတွေကြောင့်လည်း ဖေ့စ်ဘုတ်အပေါ်ယုံကြည်မှုပိုမိုခိုင်မာလာအောင် လုပ်ပေးလိုက်သလိုဖြစ်သွားပြီးတော့ ဖေ့စ်ဘွတ်ရဲ့အစုရှယ်ယာတန်ဖိုးတွေ ဒေါ်လာ ၃ ဘီလီယံဖိုးလောက် ခုန်တက်သွားပါတယ်။

အမေရိကန်လွှတ်တော်အမတ်တွေဟာ ICT ၊ အင်တာနက်နဲ့ပတ်သက်ပြီး ဗဟုသုတနည်းပါးတဲ့အကြောင်း၊ အွန်လိုင်းစီးပွားရေးပုံစံနဲ့ပတ်သက်ပြီး နားမလည်တဲ့ကြောင်းတွေကို ဒီစစ်ဆေးကြားနာမှုမှာ ထင်ထင်ရှားရှားကို မြင်တွေ့လိုက်ရပါတော့တယ်။

Congressional Research Service ရဲ့ သုတေသနပြုချက်တွေအရ လက်ရှိလွှတ်တော်ထဲက အမတ်တွေရဲ့ ပျမ်းမျှသက်တမ်းဟာ အမေရိကန်သမိုင်းတစ်လျှောက်မှာ ပျမ်းမျှအသက်အကြီးဆုံး ဖြစ်ပါတယ်။ လက်ရှိ အမေရိကန်အောက်လွှတ်တော် အမတ်တွေရဲ့ ပျမ်းမျှအသက်က ၅၇ ဒသမ ၈ နှစ်၊ အထက်လွှတ်တော်အမတ်တွေရဲ့ ပျမ်းမျှအသက်က ၆၁ ဒသမ ၈ နှစ်ရှိပါတယ်။ အသက် ၆၀ ဝန်းကျင် အဘိုးအိုတွေအနေနဲ့ ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်းကမှ ပေါ်ပေါက်လာတဲ့ နည်းပညာတွေနဲ့ နီးနီးစပ်စပ်ရှိမနေတာဟာ မဆန်းကျယ်လှပါဘူး။

ဒါကြောင့်လည်း ဖေ့စ်ဘွတ်ခ်ကို ကြားနာမှုပြုလုပ်တယ်ဆိုပေမယ့် သူတို့ရဲ့ မေးမြန်းချက်တွေအရ ဒီလုပ်ငန်းရဲ့ သဘောသဘာဝကို သေသေချာချာနားမလည်သူတွေသာ များနေတယ်လို့ ဝေဖန်ခံခဲ့ရတာပါ။ တစ်ချို့က အီးမေးလ်နဲ့ WhatsApp ကို ကွဲကွဲပြားပြားမသိကြသလို လူမှုကွန်ယက်ဝက်ဘ်ဆိုက်တွေ ဘယ်လိုဝင်ငွေရှာတယ်ဆိုတာကို နားမလည်တာမျိုးတွေလည်း မြင်တွေ့ခဲ့ရသေးပါတယ်။

လုပ်ငန်းအပေါ်နားလည်မှုမရှိတာကြောင့် အမြီးအမောက်မတည့်လှတဲ့ မေးခွန်းတွေကို ဇူကာဘတ်အနေနဲ့ လူကြီးလူကောင်းဆန်ဆန် တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးဖြေရှင်းသွားတဲ့အတွက်လည်း ကမ္ဘာ့မီဒီယာစာမျက်နှာတွေအထက်မှာ အထူးတလည်ချီးမွန်းထောပနာပြုစရာဖြစ်ခဲ့တာပါ။ သူ့ရဲ့ လူကြီးလူကောင်းဆန်မှုနဲ့ PR အရည်အသွေး (Public Relation Skills) ကို အသိအမှတ်ပြုရပါမယ်။

လွှတ်တော်အမတ်တွေရဲ့ ပြင်းထန်လှတဲ့မေးခွန်းတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်စွမ်းရှိတာဟာ ဇူကာဘတ်ကို လူတကာအမြင်မှာ ရိုးသားရဲရင့်သူတစ်ယောက်လို့ ထင်မြင်ယူဆသွားစေပါတယ်။ ဒါ့အပြင် တစ်ချို့သော လွှတ်တော်အမတ်မင်းတွေရဲ့ မသိနားမလည်လွန်းလှတဲ့ မေးခွန်းတွေဟာ အတော်အတန် ကြောင်တောင်တောင်နိုင်လှပေမယ့် ဇူကာဘတ်ကတော့ သရော်လှောင်ပြောင်ခြင်းကင်းကင်းနဲ့ ဂရုတစိုက်ပြန်ရှင်းပြသွားတာမျိုးကိုလည်း မြင်ခဲ့ရပါတယ်။ ဒါဟာ သူ့ရဲ့ လူကြီးလူကောင်းဆန်မှုပါပဲ။

ဒါ့အပြင် သူရဲ့ ဖြေကြားပုံတွေကို ကြည့်ခြင်းအားဖြင့် သူဟာ Public Relation ပိုင်းကို သေသေချာချာကြိုကြိုတင်တင် လေ့လာပြင်ဆင်ထားတယ်ဆိုတာ မြင်သာပါတယ်။ မြန်မာပြည်တွင် PR ကုမ္ပဏီတွေ လုပ်ငန်းတွေ ပေါ်ပေါက်လာနေပြီဖြစ်ပေမယ့် အမှန်တကယ် လိုအပ်သလောက်အခြေအနေ အထိရောက်အောင် ထင်ထင်ရှားရှား မတွင်ကျယ်သေးပါဘူး။ အထူးသဖြင့် ပြည်တွင်းကုမ္ပဏီတွေနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ PR ပိုင်း ပြင်ဆင်ကိုင်တွယ်နိုင်စွမ်း အားနည်းနေကြပါသေးတယ်။ PR ကုမ္ပဏီတွေကိုလည်း မီဒီယာဆက်ဆံရေးနယ်ပယ်တစ်ခုအတွက်သာ အဓိက အသုံးချနေကြပါသေးတယ်။

ယျေဘုယျအားဖြင့်ပြောရမယ်ဆိုရင် PR (Public Relation) ဆိုတာ လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန် ဆက်ဆံသည့်နည်းလမ်းများလို့ ဆိုလို့ရပါတယ်။ လူ့အဖွဲ့အစည်းနဲ့ မီဒီယာတွေ၊ မီဒီယာနဲ့ အစိုးရများ၊ အစိုးရနဲ့ လူထု ဒါမှမဟုတ် အစိုးရအချင်းချင်းအကြား ခိုင်မာသေချာပြီး အပြန်အလှန် နားလည်လက်ခံနိုင်စေမယ့်နည်းလမ်းတွေကို အသုံးပြုပြီး မဟာဗျူဟာမြောက် ဆက်သွယ်တာမျိုးကိုဆိုလိုပါတယ်။

ဇူကာဘတ်ကတော့ အဆိုပါ PR Skills ကောင်းမွန်အောင် Media Training တွေ Crisis Management ပိုင်းတွေကို သေချာစနစ်တကျ ကြိုတင်လေ့လာထားခဲ့ဖူးပုံရပါတယ်။ ကုမ္ပဏီတစ်ခုလုံး ဘုံးဘုံးလဲသွားလောက်အောင် ကြီးမားတဲ့ပြဿနာကြီးတစ်ခုကို သူရင်ဆိုင်သွားပုံက ထင်မှတ်မထားလောက်အောင်ကို တည်ငြိမ်ပြီး စနစ်တကျရှိလှပါတယ်။ အရာအားလုံးဟာ အံဝင်ခွင်ကျဖြစ်နေအောင် စနစ်တကျစီမံထားသလိုဖြစ်ခဲ့ပြီး အမေးအဖြေတွေမှာ သူ့ရဲ့ စကားလုံးတိတိကျကျနဲ့ လိုအပ်သလောက်သာ ချိန်ဆဖြေဆိုသွားမှုတွေက သူ့ရဲ့ အရည်အသွေးကိုပြနေပါတယ်။

လွှတ်တော်အမတ်တွေဆီက မေးခွန်းတိုင်းကို ကျေနပ်လောက်ဖွယ် ဖြေဆိုပြနိုင်ခဲ့တာကြောင့်လည်း သူ့ရဲ့တုန့်ပြန်မှုအပေါ်လူတွေက သဘောကျခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်း အကျဘက်ရောက်နေတဲ့ ရှယ်ယာအခြေအနေတွေ ပြန်လည်တည်ငြိမ်လာခဲ့ပြီးတော့ ၅% တောင် ပိုမိုတိုးတက်လာခဲ့ပါသေးတယ်။

တကယ်တမ်းအားဖြင့် PR ပိုင်းကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်တယ်ဆိုရင် အမှတ်တံဆိပ်တွေကို ကိုင်တွယ်စီမံနိုင်တာ (Brand management)၊ အယူအဆရေးရာပိုင်း ကိုင်တွယ်စီမံနိုင်တာ (Impression management)၊ မီဒီယာကို ချုပ်ကိုင်ချယ်လှယ်နိုင်တာ (Media manipulation) နဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ကြိုးကိုင်ချယ်လှယ်တာမျိုးတွေ (Reputation management) ကိုတောင် ဆောင်ရွက်နိုင်ပါသေးတယ်။

ပြီးခဲ့တဲ့ အမေရိကန်ကွန်ဂရက်က ကြားနာပွဲကနေတဆင့် လူငယ်နည်းပညာလုပ်ငန်းရှင်တစ်ယောက်ကက ၂၁ ရာစု စီးပွားရေးစီမံခန့်ခွဲမှုပုံစံသစ်ကို စီးပွားရေးသမားတွေကို လမ်းပြသွားပါတယ်။ PR ပိုင်းကို အသုံးချနိုင်စွမ်းရှိသူတွေဟာ တခြားသူတွေထက် အခက်အခဲတွေကြားက ရုန်းထွက်နိုင်ဖို့ နည်းလမ်းတွေ ပိုရနိုင်တယ်ဆိုတာပါပဲ။

နောက်တစ်ချက်ကတော့ ဖေ့စ်ဘုတ်လို့ ကမ္ဘာ့လူဦးရေ ၃ ပုံ ၂ ပုံလောက် အသုံးပြုနေတဲ့ လူမှုကွန်ယက်ဝက်ဘ်ဆိုက်အကြောင်းတောင် ဂဃနဏမသိဘဲ ထင်ကြေးနဲ့ ဒီလိုစစ်ဆေးကြားနာမှုကြီးကို အကြီးအကျယ်လုပ်ခဲ့တဲ့ အမေရိကန်အထက်လွှတ်တော်အမတ်တွေဟာ ပြည်တွင်းပြည်ပက လှောင်ပြောင်မှုတွေကို ခံလာနေရတာပါပဲ။

တကယ်တမ်းအားဖြင့် ပြဿနာတွေကို ဖန်တီးခဲ့မိတာ၊ အခက်အခဲတွေကို ကြုံခဲ့ရတာက ဇူကာဘတ်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ PR အစွမ်းနဲ့ သူ့ရဲ့ လူကြီးလူကောင်းဆန်ဆန် တုန့်ပြန်ပုံတွေကြောင့် နောက်ဆုံးမှာ အကျိုးအမြတ်အများဆုံးရရှိသွားသူကလည်း သူပဲဖြစ်နေခဲ့ပါတယ်။

လုပ်ငန်းခွင်တွေနဲ့ ဘယ်လိုနယ်ပယ်မျိုးမှာမဆို ဇူကာဘတ်ရဲ့ တုန့်ပြန်ပုံကို ဥပမာပြုဖို့ လိုပါလိမ့်တယ်။ နေရာတိုင်းမှာ အခြေအနေတိုင်းအတွက် ကြိုတင်ပြင်ဆင်တတ်ဖို့ လူကြီးလူကောင်းဆန်ဆန် တုန့်ပြန်တတ်ဖို့လိုပါမယ်။ လူအချင်းချင်းအကြား အပြန်အလှန်ဆက်ဆံရေးအတွက် PR အရည်အသွေးတွေလည်း မြှင့်တင်ထားဖို့လိုပါလိမ့်မယ်။ အခက်အခဲတွေ အကျပ်အတည်းတွေကြုံရတဲ့အခါတိုင်းမှာ ကျွန်တော်တို့လိုချင်တဲ့ အချက်၊ ကျွန်တော်တို့ကို သိစေချင်တဲ့အချက်တွေကို လူကြီးလူကောင်းဆန်တဲ့ နည်းလမ်းတွေနဲ့ ပြတတ်ဖို့ ကျွန်တော်တို့ ကြိုးစားကြရပါလိမ့်မယ်။ ဒါဆို ကျွန်တော်တို့လည်း အခက်ခဲဆုံး အကျပ်အတည်းတွေကြားကနေ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။

Mobile Guide

Comments